Sunday, January 10, 2016

သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားပါ စောင့်ရှောက်ပါ

သာယာတဲ့ နေ့လေးတစ်နေ့...
စိမ်းစိုလှပတဲ့ ဥယျာဉ်ကြီးထဲမှာ
ကြောင်ကလေး တွမ်က ပျော်ပွဲစားထွက်နေလေရဲ့။
ကြွက်ကလေး ဂျယ်ရီကတော့
တွမ် တို့လို ဥယျာဉ်ထဲလာပြီး ပျော်ပွဲစားထွက်သူများ ပစ်ထားတဲ့ အမှိုက်တွေကို လိုက်ကောက်ရင်း
အမှိုက်အိတ်ကြီးကို မနိုင်မနင်း သယ်လာပါတယ်။

တွမ် နဲ့ ဂျယ်ရီ တွေ့တော့
တွမ် - "ဟေ့ ဂျယ်ရီ.. ငါနဲ့ မဆော့ချင်ဘူးလား"
ဂျယ်ရီ - "ဥယျာဉ်ဆိုတာ သန့်ရှင်းစိမ်းစိုနေမှ ပိုလှတာ၊ ငါနဲ့အတူ အမှိုက်လိုက်ကောက်ပါလား"
တွမ်က မသိသလို မကြားသလိုနဲ့ ဆက်ကစားရင်း အမှိုက်တွေလျှောက်ဖွနေတယ်။
ဂျယ်ရီလေးက အမှိုက်တွေလိုက်ကောက် အမှိုက်အိတ်တွေကို မနိုင်မနင်းသယ်ပိုး ရှင်းလင်းနေပါတယ်။
နောက်တစ်နေ့...
နေအရမ်းပူလွန်းလို့ တွမ်က အရိပ်ကောင်းတဲ့တောအုပ်လေးဆီ သွားတယ်။
တောအုပ်လေးထဲ အေးအေးလူလူ လျှောက်သွားနေရင်း သူ့ခမျာ ဗိုက်ဆာလာရော။




မနီးမဝေးမှာ သရက်သီးတွေ ပြွတ်ခဲနေတဲ့ ဧရာမ သရက်ပင်ကြီးတပင်ကို မြင်လိုက်ရတော့ ၀မ်းသာအားရနဲ့ သ
ရက်သီးတွေခူးဖို့ စိတ်ကူးလိုက်တယ်။ သရက်ပင်ကြီးက မြင့်လွန်းအားကြီးတော့ မတက်ရဲဘူး ဖြစ်နေတယ်။
အဲဒါနဲ့...တွမ်က...
သရက်ပင်ကို ခုတ်ဖို့ စိတ်ကူးလိုက်တယ်။ တွမ် သရက်ပင် ခုတ်နေတုန်းမှာ ဂျယ်ရီရောက်လာတယ်။
ဂျယ်ရီက သရက်ပင်ကို မခုတ်ဖို့ တွမ်ကို တောင်းပန်ပြောပေမယ့် သူကတော့ ဆက်ခုတ်ပြီးနောက် သရက်သီး
တွေကို ခူးစားလိုက်ပါတယ်။

ကျေးဇူးပါ... ၂၀၁၅

ဒီနှစ်ထဲမှာပဲ...
အသက်တစ်နှစ်ပိုကြီးခဲ့တဲ့ ဘ၀တွေ
နည်းပညာပေါ်တည်နေရတဲ့ ဘ၀တွေ
စက်ရုံတွေပေါ်တည်နေရတဲ့ ဘ၀တွေ
သစ်တောတွေပေါ်တည်နေရတဲ့ ဘ၀တွေ...
လေထုညစ်ညမ်းမှုတွေထဲက ဘ၀တွေ
မိုးကြီးရေလျှံမှုတွေထဲက ဘ၀တွေ
ကုန်ဈေးနှုန်းတွေနဲ့ ရပ်တည်နေရတဲ့ ဘ၀တွေ
မျှော်လင့်ချက်တွေနဲ့ ရပ်တည်နေရတဲ့ ဘ၀တွေ


ဒီဘ၀တွေထဲမှာပဲ
အရေးတကြီးကိစ္စတွေလည်းရှိနေရဲ့...
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့လည်း
အရေးကြီးတာပဲ
အသုံးချစရာ နည်းပညာတွေတတ်မြောက်ဖို့လည်း
အရေးကြီးတာပဲ
ရေတွက်စရာ ငွေစက္ကူတွေရှိဖို့လည်း အရေးကြီးတာပဲ
နေစရာ ကိုယ်ပိုင်အိမ်တွေရှိဖို့လည်း အရေးကြီးတာပဲ
အိမ်နဲ့ဝေးနေသူတွေအတွက် ...
ကိုယ့်အိမ်ပြန်ရောက်ဖို့လည်း အရေးကြီးတာပဲ။
ကိုယ်ရောက်တဲ့နေရာမှာ
လူ့ဂုဏ်သိက္ခာအပြည့်နဲ့နေတတ်ဖို့လည်း အရေးကြီးတာပဲ။

ကားတွေ.. စက်တွေ..
အ၀တ်အစားတွေ...
လူ့အသုံးအဆောင်တွေ
အမျိုးစုံ ဖန်တီးလိုက်ကြ..
သုံးစွဲလိုက်ကြ.. စွန့်ပစ်လိုက်ကြနဲ့..
တီထွင်လေသမျှ နောက်ဆုံးပေါ်ဆိုတာတွေဟာ
နောက်ဆုံးတော့ ရှေးဟောင်းပစ္စည်းဖြစ်သွားတာပါပဲ။

ကမ္ဘာ့ရွာကြီးထဲမှာ တစ်နေ့တစ်ခြား
တံငါတွေ မုဆိုးတွေများများလာ
ဒီကြားထဲမှာ
တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး
မဖြစ်ခဲ့ရတာကိုပဲ ဂုဏ်ယူပါရစေ။

ဟိုလမ်းညွှန် ဒီလမ်းညွန်...
လမ်းညွှန်ပေါင်းစုံအလယ်မှာ
ကိုယ်သွားရမယ့်လမ်းကို
ကိုယ်ကိုယ်တိုင်ပဲ ရှာဖွေရွေးချယ်ခဲ့ပါတယ်။

ဘဝ

 ကိုယ့်စိတ်ကူးထဲက နံနက်ခင်းလေးမှာ…
တနေ့တာကို အစပြုဖို့အဆင်သင့်ဖြစ်နေတဲ့ အရှိန်အ၀ါအပြည့်နဲ့ ကောင်းကင်ကြီးက တည်ကြည်ခန့်ငြားနေတယ်။
ဟိုးခပ်လှမ်းလှမ်းမှာ စိမ်းညို့ညို့တောင်ကုန်းတောင်တန်းလေးတွေ ခပ်ရေးရေးလှမ်းမြင်နေရတယ်။
ငှက်သံလေးတွေလည်း ကြားရတယ်။
ကြာပန်းအဖြူလေးတွေ အများကြီးနဲ့ သဘာဝရေကန်လေးက ကြည်လင်ငြိမ်သက်နေတယ်။...
ကြာနံ့သင်းနေတဲ့ လေနုအေးအေးလေးကို အားရပါးရ တ၀ကြီးရှုရှိုက်လိုက်တယ်။ 

 
 
 
တကယ့်လက်တွေ့ဘ၀ထဲက နံနက်ခင်းမှာတော့…
အိပ်ရေးမ၀သေးတဲ့ ကောင်းကင်က မှုန်တေတေဖြစ်နေတယ်။
ပတ်ဝန်းကျင်မှာ ထပ်မြင့်အဆောက်အဦးတွေရဲ့ ခေါင်မိုးတွေကို မြင်နေရတယ်။
ကားသံတွေလည်း ကြားရတယ်။
လူတွေအကူးခံရလွန်းတဲ့ ရေကန်ကလည်း ပြာနှမ်းနှမ်းဖြစ်နေတယ်။
ကလိုရင်းနံ့ပါတဲ့ လေစိမ်းရွှေရွှေကို အောင့်သီးအောင့်သက် ရှူလိုက်ရတယ်။

ခေါင်းဆောင်

ကိုယ့်အလုပ်စားပွဲရဲ့ နံရံတဖက်ခြမ်းမှာ သူရှိနေတယ်လို့ ခံစားမိရုံနဲ့တင် စိတ်ချမ်းသာစေတယ်။
တံခါးတချပ်ကိုတွန်းလိုက်တာနဲ့ မှန်နံရံကနေတဆင့်
သူ့အလုပ်စားပွဲမှာ အေးအေးဆေးဆေး ထိုင်အလုပ်လုပ်နေတဲ့ သူ့ကိုမြင်ရတာလောက် စိတ်ချမ်းသာတာ မရှိဘူး။
သူ အလုပ်ကိစ္စနဲ့ ခရီးသွားနေတဲ့နေ့တွေဆို အဲ့ဒီတံခါးကို တွန်းဖွင့်ဖို့ အင်မတန်ဝန်လေးမိတယ်။
မှန်နံရံကနေတဆင့် သူ့ထိုင်ခုံမှာ ကျောမှီခေါင်းအုံးလေးပဲ မြင်ရတာလောက် ရင်ထဲလစ်ဟာစေတ...ာ မရှိဘူး။

အချင်းချင်း အလုပ်ကိစ္စကလွဲပြီး စကားတွေသိပ်မပြောဖြစ်ပေမယ့်
သူက ကိုယ့်အတွက် အမြဲစဉ်းစားငဲ့ညှာတတ်သလို
ကိုယ်ကလည်း သူဖြစ်ချင်တာကို အတတ်နိုင်ဆုံး ဖြစ်အောင်လုပ်ပေးတတ်တယ်။

နူးညံ့သိမ်မွေ့မှုမှာ စွမ်းအားရှိတယ်ဆိုတာ သူက သက်သေပါပဲ။
အင်မတန် အေးဆေးစွာနေတတ်သလောက် ထက်ထက်မြက်မြက်လုပ်တတ်ကိုင်တတ်တဲ့ သူ့ကို မနာခံချင်တဲ့သူ လွန်ဆန်ချင်တဲ့သူမရှိဘူး။ သင်ပေးစရာရှိတာကို သေချာသင်ပြပေးပြီး လုပ်ချင်အောင် လုပ်တတ်အောင် အမျိုးမျိုး အားပေးတတ်တယ်။
သူ့ဆီမှာ ကိုယ့်အတွက်သင်ယူစရာတွေ အများကြီးရှိနေတယ်။
သူဟာ ပညာတတ်တစ်ယောက်ဖြစ်သလို ပညာရှိတစ်ယောက်လည်း ဖြစ်တယ်။
သူနဲ့ အလုပ်လုပ်ခွင့်ရနေတာကိုပဲ အင်မတန်ကံကောင်းလွန်းလို့ပါလို့ မကြာခဏတွေးဖြစ်နေတယ်။

ကိုယ်တိုင် ခေါင်းဆောင်လုပ်ရမယ်ဆိုလည်း သူ့လို ခေါင်းဆောင်မျိုးဖြစ်ချင်တယ်။
ခေါင်းဆောင်လုပ်နေတဲ့သူတိုင်းကိုလည်း သူ့လို ခေါင်းဆောင်မျိုးတွေဖြစ်စေချင်တယ်။
လူတိုင်းကိုလည်း သူ့လိုခေါင်းဆောင်မျိုးနဲ့ပဲ တွေ့စေချင်တယ်။

ကျောင်းပြန်ဖွင့်တဲ့နေ့

အဖြူအစိမ်းလေးတွေနဲ့ ကလေးတွေ ကျောင်းစတက်ကြပြီပေါ့။
တချို့တွေ လမ်းလျှောက်… တချို့တွေ စက်ဘီး..ဆိုင်ကယ်တွေနဲ့ ..
တချို့တွေ ကျောင်းကား အိမ်ကားတွေနဲ့.....
တက်ကြွစွာ ရွှင်လန်းစွာ ပြုံးပျော်နေတဲ့ ကလေးတွေ…
မိဘတွေ…
ဆရာ ဆရာမတွေ…
ယုံကြည်မျှော်လင့်ထားတဲ့အတိုင်း
ဘ၀အတွက် အားကိုးအားထားဖြစ်မယ့် ပညာရေးရဲ့ တကယ့် အနှစ်သာရကို ရရှိခံစားနိုင်ကြပါစေ။


ဆယ်တန်းဖြေထားပြီး ကျောင်းတွေပြန်ဖွင့်တဲ့နေ့
ကျောင်းလာတက်ကြတဲ့ ကျောင်းသူကျောင်းသားတွေကို
ကျောင်းရှေ့မှာ သွားထိုင်ကြည့်ရင်း ကျောင်းမတက်ရတော့တဲ့
ကိုယ့်အဖြစ်ကိုယ်တွေးရင်း ၀မ်းနည်းခဲ့ဖူးတယ်။
ဒီလိုနေ့ရောက်တိုင်း အဲဒီခံစားမှုကို သတိတရရှိမိတယ်။

ကျာင်းကိုရော.. ဆရာ ဆရာမတွေရော...
သူငယ်ချင်းတွေ.. တကျောင်းတည်း အတူတက်ခဲ့ဖူးတဲ့ အကို အမ၊ မောင်လေး ညီမလေးများ အားလုံးကို
သတိရပါတယ်။
အားလုံး ရောက်တဲ့ နေရာမှာ
အဆင်ပြေကြပါစေ။ အောင်မြင်ကြပါစေ။ ပျော်ရွှင်ကြပါစေ။

ဘတ်စ်ကားစီးသူများ

ဟောတစ်စီး.. ဟောတစ်စီး... ထိုးရပ်လာတဲ့ ဘတ်စ်ကားတွေထဲက ကိုယ်နဲ့ သက်ဆိုင်ရာကားပေါ်ကို ကမန်းကတန်းတက်ကြရတယ်။
ကားပေါ်ရောက်တာနဲ့ ထိုင်စရာနေရာသာ မသေချာပေမယ့် စပယ်ယာရဲ့ အသံစွာစွာကိုတော့ ကြားရတာ အသေအချာပဲ။ တချို့တွေ ထိုင်၊ တချို့တွေ ရပ်၊ တချို့တွေ ဘုရားစာရွတ်၊ တချို့တွေ ပုတီးစိပ်၊ တချို့တွေက ဖုန်းနဲ့ အလုပ်ရှုပ်၊ ကားအရွေ့တိုင်းမှာ ယိမ်းထိုးလိုက်ပါကြရတယ်။ ရေးကြီးသုတ်ပြာ အလုအယက် အပြိုင်အဆိုင်မောင်းကြတဲ့ကားတွေဟာ မီးပွိုင့်တွေမှာ ငုတ်တုတ်မေ့ကြရတယ်။
...
ကားပေါ်က လူအများစုဟာ အ၀တ်အစားတောက်တောက်ပြောင်ပြောင်ဝတ်ထားပေမယ့်
မျက်နှာတွေကတော့ ခပ်နွမ်းနွမ်းရယ်။ မျက်လုံးတွေကလည်း စိတ်ချလက်ချ ရှိမနေဘူး။ လူအများစုဟာ စိတ်ရှည်ဖို့ထက် အထိမခံနိုင်ဖြစ်နေကြတာ။ ဘုရားစာရွတ်နေတယ်လို့ယူဆရတဲ့ နှုတ်ခမ်းလှုပ်စိလှုပ်စိရှိနေသူတွေ၊ counter တချောက်ချောက်နဲ့ ပုတီးစိပ်နေသူတွေတောင် သူတို့ကို မတော်တဆ ထိမိတိုက်မိရင် အော်ဟစ်သောင်းကျန်းဖို့ ၀န်မလေးတတ်ဘူး။ ရဟန်းသံဃာတော်တွေကို နေရာပေးရကောင်းမှန်း မသိကြတော့ဘူး၊ ကလေးသူငယ် နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကိုလည်း နေရာပေးရကောင်းမှန်း မသိကြတော့ဘူး။ ကားပေါ်မှာ လူ့ အတ္တကို အနီးစပ်ဆုံး မြင်နိုင်တယ်။ အချင်းချင်းကူညီရိုင်းပင်းမှု၊ ညှာတာမှုတွေ သိပ်မရှိကြဘူး။
အခုနောက်ပိုင်းမှာ ကျား၊ မ တန်းတူ အခွင့်အရေးဆိုတာကို
ဘတ်စ်ကားပေါ်မှာ ပိုအလေးထားလာပုံရတယ်။ တခါတလေ တကားလုံးမှာ ထိုင်စီးသူအမျိုးသားတွေက မတ်တတ်ရပ်စီးတဲ့ အမျိုးသမီးတွေထက် ပိုများနေတယ်။
ကားလမ်းပေါ်မှာ ကားတွေကျပ်နေသလို ကားပေါ်ကလူတွေလည်း အနေကျပ်တည်းနေကြတယ်။
ဘတ်စ်ကားစီးရတာဟာ တကယ်ကို စိတ်ပင်ပန်း လူပင်ပန်းမို့ ဘတ်စ်ကားစီးရမှာ အင်မတန်ဝန်လေးပါတယ်။

မြို့ပတ်ရထားစီးသူများ


ဘယ်တော့မှ မဆုံနိုင်တဲ့ ရထားသံလမ်းတွေကို မျက်စိတဆုံးလှမ်းမျှော်ကြည့်နေတုန်း…
တဖြေးဖြေးနဲ့ ကိုယ်မျှော်ရာဘက်ဆီ ဦးတည်ရွေ့လျားလာတဲ့ ရထားစက်ခေါင်းကို မြင်နေရပြီ။
ရထားရပ်လိုက်တာနဲ့ ဆင်းသူဆင်း၊ တက်သူတက်နဲ့...
ဘူတာတစ်ခုလုံး စည်ကားအသက်ဝင်လာပါတယ်။

ရထားစီးသူတွေထဲမှာ ကျွန်မလည်း တစ်ယောက် အပါအ၀င်ပေါ့။
ကျွန်မက ရထားစီးရတာကို နှစ်သက်ပါတယ်။
ရထားအချိန်စာရင်းတခု အိတ်ထဲထည့်ထားပြီး
သွားရမယ့်နေရာအများစုကို ဖြစ်နိုင်မယ်ဆိုရင် ရထားနဲ့ သွားချင်ပါတယ်။
ရထားပေါ်မှာ စိတ်ရောလူပါ အနားရတယ်လို့ ခံစားရတယ်။
ရထားစီးတဲ့အချိန်ဟာ ကျွန်မအတွက် နားတဲ့အချိန်လည်း ဖြစ်ပါတယ်။
ရထားစီးသူတွေရဲ့ မျက်နှာအများစုက သက်တောင့်သက်သာ ပြေပြေလျော့လျော့လေးတွေ။
မျက်လုံးတွေကလည်း အေးအေးဆေးဆေးရှိတယ်။
ရထားပေါ်မှာ အသွားအပြန်တွေ့ပါများရင် ခင်မင်ရင်းနှီးပြုံးပြ နှုတ်ဆက်ကြတာပါပဲ။
အချင်းချင်းပြုံးပြဖို့ ၀န်မလေးကြဘူး။
အချင်းချင်း ကူညီဖေးမဖို့လည်း ၀န်မလေးကြဘူး။
တချို့တွေ ပြတင်းအပြင်ကို ငေးလို့၊ တချို့တွေ စာအုပ်ကိုယ်စီ ဖတ်လို့၊
တချို့တွေ စကားစမြည်ပြောလို့၊ တချို့တွေ စမတ်ဖုန်းကိုယ်စီ နဲ့
ဂိမ်းဆော့သူဆော့၊ ချက်သူချက်၊ သီချင်းနားထောင်သူ နားထောင်ရင်း
အေးဆေးပဲ လိုက်ပါလာကြတယ်။
ချုပ်ထည်တွေကို လက်ချုပ်လိုက်နေတဲ့သူတွေ၊
ဟင်းရွက်ထုပ်ကြီးတွေထဲက ဟင်းရွက်တွေကို သေသေသပ်သပ်ပြန်စီးနေသူတွေ၊ အသုပ်ရောင်းတဲ့သူတချို့က ဂေါ်ဖီထုပ် ခြစ်နေတာတွေ၊
မုန့်ရောင်းသူတချို့က အုန်းသီးခြစ်နေတာတွေ…
ရထားပေါ်က အဲလိုလူတွေကို ကျွန်မ အလွန်စိတ်ဝင်စားမိပါတယ်။
ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပြီး
စိတ်ပါလက်ပါအလုပ်လုပ်နေကြတဲ့သူတွေကို မြင်ရတာ သိပ်သဘောကျပါတယ်။
ကိုယ့်စားဝတ်နေရေးအတွက် ရိုးရိုးသားသားကြိုးကြိုးစားစား အလုပ်လုပ်နေတဲ့သူတွေလို့လဲ အသိအမှတ်ပြုမိပါတယ်။
ရထားပေါ်မှာ ထိုင်စရာနေရာကို တစ်ယောက်တည်း အများကြီးသိမ်းပိုက်ထားသူတွေ၊
ဆေးလိပ်သောက်သူတွေ၊ အုပ်စုဖွဲ့ အော်ဟစ်ကျယ်လောင်စွာ စကားပြောသူတွေ၊ အမှိုက်ပစ်ချသူတွေကိုတော့ စိတ်ပျက်မိတာ အမှန်ပါ။
အားလုံးဟာ ကိုယ်လိုရာသွားဖို့အတွက်
ဒီအရိပ်ကို ခဏတာခိုပြီး ခရီးဆက်နေကြသူအချင်းချင်း...
ကိုယ့်ကြောင့် သူတပါးအနှောင့်အယှက်မဖြစ်အောင် သတိထားနေဖို့
ကိုယ့်ကို အသိပေးနေတာလို့ပဲ တွေးဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ်… ကျွန်မကတော့ မြို့ပတ်ရထားစီးရတာ ပျော်ပါတယ်။