Tuesday, August 14, 2012

အကောင်းမြင်စိတ်ကို မွေးမြူခြင်း

အကောင်းမြင်တတ်ခြင်းဟာ ဘ၀မှာ စိတ်ချမ်းချမ်းသာသာ နေနိုင်ဖို့ များစွာအထောက်အကူပြုပါတယ်။အကောင်းမြင်တတ်တာဟာ မိမိရဲ့ သဘာဝဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးလို့ရပါတယ်။
လူနေမှုဘ၀မှာ ကြုံတွေ့ရတာတွေထဲမှာ အကောင်း အဆိုးရောနေပါတယ်။ အဆိုးတစ်ခုကြုံနေရစဉ်မှာ ကောင်းတာတွေလည်း ဒွန်တွရှိနေတတ်ပါတယ်။ အဲဒါကို မြင်တတ်အောင် လေ့ကျင့်ပေးရမှာပါ။
နောက်တော့ ကျင့်သားရသွားပြီး အကောင်းမြင်တတ်တဲ့အားကောင်းလာပါမယ်။
၁။ ကောင်းတာတွေကို ရှာကြည့်ပါ။
          ဥပမာ- ဘတ်(စ်)ကား ကျပ်ကျပ်စီးရတဲ့အခါမျိုးမှာ ဘယ်လိုကောင်းတာမျိုးရှိနိုင်ပါသလဲ။
ကားအပြင်ဘက်ကို လှမ်းကြည့်လိုက်ရင် စိမ်းစိမ်းစိုစို သစ်ပင်လေးတွေ မြင်ရတတ်ပါတယ်။ မျက်စိအားကောင်းစေပြီး စိတ်လည်း သက်သာစေပါတယ်။
၂။ ကောင်းတဲ့အတွေးအခေါ်တွေကို လေ့လာမှတ်သားပါ။
          ကောင်းတဲ့အတွေးအခေါ် အဆိုအမိန့်လေးတွေကို ဖတ်ထား မှတ်ထားခြင်းဖြင့် မိမိကြုံရတဲ့ အခြေအနေနှင့်သင့်တော်တဲ့အခါ စိတ်နှလုံးသွင်းကောင်းတွေ ၀င်လာဖို့ အမှတ်ရစေပါတယ်။ ကျန်းမာဖို့ အာဟာရကောင်းကို စားရသလိုပဲ စိတ်ကျန်းမာဖို့လည်း စိတ်ခွန်အားရှိစေမယ့် စာပေကို ဖတ်ရှုရပါတယ်။
၃။ ဂီတကို နားဆင်ပါ။
          မိမိနှစ်သက်ရာ ဂီတကို စိတ်နှစ်ပြီး နားထောင်တာဟာလည်း စိတ်ကို သက်တောင့်သက်သာရှိစေပါတယ်။ အနားရနေတဲ့စိတ်ဖြင့် မိမိပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် ကောင်းတာတွေ အများကြီးမြင်ရပါလိမ့်မယ်။

စိတ်သဘောထား

“ပူပေါင်းချင်းတူပေမယ့် ပူပေါင်းတိုင်း မိုးပေါ်မပျံနိုင်ပါဘူး။ မိုးပျံပူပေါင်းတွေပဲ မိုးပေါ်ပျံနိုင်တာပါ။ မိုးပျံပူပေါင်းမှန်ရင် သေးသေးကြီးကြီး ဘယ်လိုအရောင်ပဲ ဖြစ်ဖြစ် မိုးပေါ်ပျံဝဲနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ပူပေါင်းထဲမှာ လေပေါ်ပျံဝဲနိုင်တဲ့ ဓာတ်သတ္တိရှိနေလို့ပါ။”
လူနေမှုဘ၀ပုံစံမှာလည်း ဒီသဘောတရားလိုပါပဲ။ အမြင့်ကိုရောက်ချင်ရင် အမြင့်ကိုရောက်စေတဲ့ သတ္တိတွေရှိမှ အမြင့်ကိုရောက်နိုင်ပါတယ်။လောကမှာ အောင်မြင်နေတဲ့သူတိုင်းဟာ ဘာတွေမှ ထူးထူးခြားခြားတွေကြီးလုပ်နေကြလို့မဟုတ်ပါဘူး။ သူတို့ဟာ သာမန်ရိုးရိုးလေးတွေးပြီး ထိထိရောက်ရောက်လုပ်လိုက်ကြတာပါ။
လူတစ်ယောက်ရဲ့ဘ၀ကို လုံးဝပြောင်းလဲစေတာကတော့ အဲဒီလူရဲ့ စိတ်နေသဘောထား ဖြစ်ပါတယ်။ သူ့ စိတ်နေသဘောထားက သူ့ကို လမ်းပြပေးနိုင်သလို ခံယူချက်တွေကိုပါ ချမှတ်ပေးနိုင်ပါတယ်။ ကောင်းတဲ့စိတ်နေသဘောထားရှိတဲ့သူဟာ ဘ၀မှာ အောင်မြင်သူတစ်ယောက်အဖြစ် ရပ်တည်သွားနိုင်ပါတယ်။ မိမိမှာ ကောင်းတဲ့စိတ်နေသဘောထားတွေ ကိန်းအောင်းလာအောင် ပြုစုပျိုးထောင်လို့ရပါတယ်။ လူတွေရဲ့ စိတ်နေသဘောထားကို ပြုပြင်ပြောင်းလဲစေတဲ့ အချက်သုံးချက်ရှိပါတယ်။ အဲဒါတွေကတော့…
၁။ ပတ်ဝန်းကျင်
၂။ အတွေ့အကြုံ နှင့်
၃။ ပညာရေး တို့ဖြစ်ပါတယ်။
၁။ ပတ်ဝန်းကျင်
လူတွေရဲ့ စိတ်နေသဘောထားကို သူတို့ ရှင်သန်ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်က များစွာလွှမ်းမိုးပါတယ်။ ပတ်ဝန်းကျင်လို ဆိုရာမှာ…
  •   မိသားစု  
  • ကျောင်း
  • အလုပ်အကိုင်
  •  ဖျော်ဖြေရေးဆိုင်ရာ Media များ (ဥပမာ- television, newspapers, magazines, radio, movies)
  •  ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများ
  • ဘာသာရေး ကိုးကွယ်ယုံကြည်မှုများ အားလုံးပါဝင်ပါတယ်။
ကောင်းတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရတဲ့သူတွေအတွက် ကောင်းတဲ့စိတ်နေသဘောထားကို ရရှိဖို့ ပိုမိုအထောက်အကူ ပြုနိုင်ပါတယ်။ ပတ်ဝန်းကျင်က ကောင်းတာကို မြတ်နိုးတတ်ဖို့ အလိုလို သင်ကြားပေးသွားပါတယ်။

၂။ အတွေ့အကြုံ
လူတွေဟာ သူ့တို့ရဲ့ ဘ၀မှာရင်ဆိုင်ကြုံတွေ့ရတာတွေကြောင့်လည်း စိတ်သဘောထားပြောင်းသွားတတ်ကြပါတယ်။ လူမှုဆက်ဆံရေး အတွေ့အကြုံက စိတ်သဘောထားပြောင်းလဲမှုမှာ များစွာသက်ရောက်မှုရှိပါတယ်။ လူတော်လူကောင်းတွေနဲ့ အမြဲ ထိတွေ့ဆက်ဆံရတဲ့သူတွေဟာ သူတို့ကိုယ်တိုင် တော်ချင်ကောင်းချင်စိတ်ရှိလာကြပါတယ်။

၃။ ပညာရေး
ပညာရေးဆိုရာမှာ  လူတွေအတွက် သက်မွေးဝမ်းကျောင်း အတတ်ပညာအပြင် ဘ၀နေနည်းကိုပါ
ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ဗဟုသုတရှာမှီးကြသလို အသိဥာဏ်လည်း ဖွံ့ဖြိုးမှသာ စိတ်နေစိတ်ထားမှန်ကန်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
          ဒါကြောင့် မိမိမှာ အခုထက် ပိုကောင်းတဲ့ စိတ်သဘောထားတွေရှိလာဖို့ ပညာကို မြတ်နိုးတန်ဖိုးထားရပါမယ်။ မိမိပညာရေးက ကောင်းတဲ့ ပတ်ဝန်းကျင်နဲ့ အတွေ့အကြုံတွေကို ဖန်တီးပေးနိုင်ပါတယ်။
(“Shev Khera” ရဲ့  “You Can Win”စာအုပ်မှ  )

Sunday, August 12, 2012

လူ့အရည်အသွေး


လူတွေရဲ့ (personality)အရည်အသွေး အရောင်အဆင်းကို အနီ၊ အပြာ၊ အဖြူ နဲ့ အ၀ါ ဆိုပြီး ခွဲခြားနားလည်နိုင်ပါတယ်။ ဒါကို နားလည်ထားမယ်ဆိုရင် လူတွေနဲ့ ဆက်ဆံတဲ့အခါ  Personality အရောင်ပေါ်မူတည်ပြီး ဆောင်ရန် ရှောင်ရန် တွေကို လိုက်နာနိုင်ပါတယ်။
လူတိုင်းမှာ primary color တမျိုးစီတော့ ရှိပါတယ်။ တခါတလေ အခြေအနေအမျိုးမျိုးကြောင့် secondary color တွေတော့ ၀င်လာတတ်ပါတယ်။ သင်ကိုယ်တိုင်ရော သင့်ပတ်ဝန်းကျင်ကလူတွေကိုရော သတိထားကြည့်ပါ။ တကယ်စိတ်ဝင်စားစရာကောင်းပါတယ်။
အနီ
Red Personality သမားတွေဟာ Power ကို ကိုယ်စားပြုပါတယ်။ သူတို့မှာ လုပ်ရည်ကိုင်ရည် ရှိပါတယ်။ ခေါင်းဆောင်လိုစိတ်၊ တာဝန်ယူလိုစိတ် အပြည့်ရှိပါတယ်။ စူးရှတဲ့ အတွေးအမြင်ရှိပြီး ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုရှိပါတယ်။ သူတပါးအပေါ်လည်း လွှမ်းမိုးလိုစိတ်များကြပါတယ်။
Red Personality သမားတွေနဲ့ ဆက်ဆံတဲ့အခါ 
ဆောင်ရန်
၁။ တိကျ သေချာပါ။
၂။ ဖြစ်ချင်တာကို တိုက်ရိုက် အသိပေးပါ။
၃။ ဂရုစိုက်မှု လေးစားသမှု ရှိပါ။
၎။ တည်ကြည်လေးနက်မှု  ရှိပါ။
ရှောင်ရန်
၁။ ဇဝေ ဇ၀ါ ချိတုံ ချတုံ ဖြစ်မနေရပါ။
၂။ ပုဂ္ဂိုလ်ရေးအရ စွက်ဖက်ပြောဆိုမှုကို သတိထားပါ။
၃။ သင် တကယ်စိတ်မ၀င်စားသော သေချာမသိသော ကိစ္စများကို မပြောရပါ။
အပြာ
Blue Personality သမားတွေဟာ Intimacy (close familiarity or friendship) ကို ကိုယ်စားပြုပါတယ်။
သူတို့မှာ အကောင်းမြင်စိတ်များပြီး ကိုယ့်ကိုယ်ကို ကောင်းဖို့ အမြဲကြိုးစားလိုစိတ်ရှိကြပါတယ်။ ကိုယ်ကျင့်တရားကို တန်ဖိုးထားတတ်ကြပြီး ရိုးသားစွာ နေလိုကြပါတယ်။ ခင်မင် ဖော်ရွေတတ်သူများလည်း  ဖြစ်ကြပါတယ်။ သူတပါးတွေဆီကလည်း ရိုးသားစွာ ဆက်ဆံလာတာကိုပဲ လိုလားတတ်ပါတယ်။
Blue Personalityသမားတွေနဲ့ ဆက်ဆံတဲ့အခါ
ဆောင်ရန်
၁။ ရိုးသားပါ။
၂။ နားလည်ပေးပါ။
၃။ ရင်းနှီးဖော်ရွေပါ။
ရှောင်ရန်
၁။ အတင်းအကျပ် ချက်ချင်းဆုံးဖြတ်ခိုင်းတာမျိုး မလုပ်ရပါ။
၂။ ကြမ်းတမ်းစွာ မဆက်ဆံရပါ။
၃။ အပြစ်တင် ပြောဆိုမှု မပြုရပါ။
အဖြူ
White Personalityသမားတွေကတော့ Peace ကို ကိုယ်စားပြုပါတယ်။ သူတို့ဟာ အေးဆေးစွာ နေလိုပြီး စိတ်ရှည် သည်းခံတတ်သူများဖြစ်ပါတယ်။ မြင့်မြတ်တဲ့ စိတ်နေစိတ်ထားရှိပြီး သဘောထား ကြီးသူများ ဖြစ်ပါတယ်။ ဘယ်သူနဲ့မှ အတိုက်အခံ သိပ်မလုပ်တတ်ပဲ သူတပါးတွေကို ဦးစားပေးအနစ်နာခံလိုစိတ်ရှိပါတယ်။ ဒီလိုလူတွေနဲ့ ဆက်ဆံရတာ သင့်အတွက် သက်တောင့်သက်သာ ရှိစေပါတယ်။
White Personality သမားတွေနဲ့ ဆက်ဆံတဲ့အခါ
ဆောင်ရန်
၁။ ပွင့်လင်းပါ။
၂။ စာနာပါ။
၃။ လွတ်လပ်မှုပေးပါ။
ရှောင်ရန်
၁။ ဖိအားမပေးပါနှင့်။
၂။ မလွှမ်းမိုးပါနှင့်။
၃။ မကြမ်းတမ်းပါနှင့်။
အ၀ါ
Yellow Personality  သမားတွေဟာ Fun ကို ကိုယ်စားပြုပါတယ်။ သူတို့ဟာ ပျော်ရွှင်ပေါ့ပါးစွာနေလိုသူများ ဖြစ်ပါတယ်။ စိတ်သဘောထားကောင်းပြီး အပေါင်းအသင်းမင်သူများ ဖြစ်ပါတယ်။ လွတ်လပ်စွာ တွေးခေါ်တတ်ပြီး ဟာသဥာဏ် ရှိသူများဖြစ်ပါတယ်။
Yellow Personality ရှိသူတွေနဲ့ ဆက်ဆံတဲ့အခါ
ဆောင်ရန်
၁။ ပွင့်လင်းပါ။
၂။ အပြန်အလှန် ရင်းရင်းနှီးနှီး ဆက်ဆံပါ။
ရှောင်ရန်
၁။ ထိန်းချုပ်ဖို့ မကြိုးစာပါနှင့်။
၂။ ပေါ့ပေါ့နေတတ်သူများအဖြစ် အထင်မသေးပါနှင့်။

***သင်ရော ဘယ်လို personality ရှိပါသလဲ။
လူတိုင်းမှာ primary color တမျိုးစီတော့ ရှိပါတယ်။ တခါတလေ အခြေအနေအမျိုးမျိုးကြောင့် secondary color တွေတော့ ၀င်လာတတ်ပါတယ်။ သင်ကိုယ်တိုင်ရော သင့်ပတ်ဝန်းကျင်ကလူတွေကိုရော သတိထားကြည့်ပါ။ တကယ်စိတ်ဝင်စားစရာကောင်းပါတယ်။
(Taylor Hartman ရဲ့  The Power of Color ကို ဖတ်ပြီး သဘောကျလို့ နားလည်သလို ပြန်ရေးထားပါတယ်)