Sunday, January 10, 2016

မြို့ပတ်ရထားစီးသူများ


ဘယ်တော့မှ မဆုံနိုင်တဲ့ ရထားသံလမ်းတွေကို မျက်စိတဆုံးလှမ်းမျှော်ကြည့်နေတုန်း…
တဖြေးဖြေးနဲ့ ကိုယ်မျှော်ရာဘက်ဆီ ဦးတည်ရွေ့လျားလာတဲ့ ရထားစက်ခေါင်းကို မြင်နေရပြီ။
ရထားရပ်လိုက်တာနဲ့ ဆင်းသူဆင်း၊ တက်သူတက်နဲ့...
ဘူတာတစ်ခုလုံး စည်ကားအသက်ဝင်လာပါတယ်။

ရထားစီးသူတွေထဲမှာ ကျွန်မလည်း တစ်ယောက် အပါအ၀င်ပေါ့။
ကျွန်မက ရထားစီးရတာကို နှစ်သက်ပါတယ်။
ရထားအချိန်စာရင်းတခု အိတ်ထဲထည့်ထားပြီး
သွားရမယ့်နေရာအများစုကို ဖြစ်နိုင်မယ်ဆိုရင် ရထားနဲ့ သွားချင်ပါတယ်။
ရထားပေါ်မှာ စိတ်ရောလူပါ အနားရတယ်လို့ ခံစားရတယ်။
ရထားစီးတဲ့အချိန်ဟာ ကျွန်မအတွက် နားတဲ့အချိန်လည်း ဖြစ်ပါတယ်။
ရထားစီးသူတွေရဲ့ မျက်နှာအများစုက သက်တောင့်သက်သာ ပြေပြေလျော့လျော့လေးတွေ။
မျက်လုံးတွေကလည်း အေးအေးဆေးဆေးရှိတယ်။
ရထားပေါ်မှာ အသွားအပြန်တွေ့ပါများရင် ခင်မင်ရင်းနှီးပြုံးပြ နှုတ်ဆက်ကြတာပါပဲ။
အချင်းချင်းပြုံးပြဖို့ ၀န်မလေးကြဘူး။
အချင်းချင်း ကူညီဖေးမဖို့လည်း ၀န်မလေးကြဘူး။
တချို့တွေ ပြတင်းအပြင်ကို ငေးလို့၊ တချို့တွေ စာအုပ်ကိုယ်စီ ဖတ်လို့၊
တချို့တွေ စကားစမြည်ပြောလို့၊ တချို့တွေ စမတ်ဖုန်းကိုယ်စီ နဲ့
ဂိမ်းဆော့သူဆော့၊ ချက်သူချက်၊ သီချင်းနားထောင်သူ နားထောင်ရင်း
အေးဆေးပဲ လိုက်ပါလာကြတယ်။
ချုပ်ထည်တွေကို လက်ချုပ်လိုက်နေတဲ့သူတွေ၊
ဟင်းရွက်ထုပ်ကြီးတွေထဲက ဟင်းရွက်တွေကို သေသေသပ်သပ်ပြန်စီးနေသူတွေ၊ အသုပ်ရောင်းတဲ့သူတချို့က ဂေါ်ဖီထုပ် ခြစ်နေတာတွေ၊
မုန့်ရောင်းသူတချို့က အုန်းသီးခြစ်နေတာတွေ…
ရထားပေါ်က အဲလိုလူတွေကို ကျွန်မ အလွန်စိတ်ဝင်စားမိပါတယ်။
ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပြီး
စိတ်ပါလက်ပါအလုပ်လုပ်နေကြတဲ့သူတွေကို မြင်ရတာ သိပ်သဘောကျပါတယ်။
ကိုယ့်စားဝတ်နေရေးအတွက် ရိုးရိုးသားသားကြိုးကြိုးစားစား အလုပ်လုပ်နေတဲ့သူတွေလို့လဲ အသိအမှတ်ပြုမိပါတယ်။
ရထားပေါ်မှာ ထိုင်စရာနေရာကို တစ်ယောက်တည်း အများကြီးသိမ်းပိုက်ထားသူတွေ၊
ဆေးလိပ်သောက်သူတွေ၊ အုပ်စုဖွဲ့ အော်ဟစ်ကျယ်လောင်စွာ စကားပြောသူတွေ၊ အမှိုက်ပစ်ချသူတွေကိုတော့ စိတ်ပျက်မိတာ အမှန်ပါ။
အားလုံးဟာ ကိုယ်လိုရာသွားဖို့အတွက်
ဒီအရိပ်ကို ခဏတာခိုပြီး ခရီးဆက်နေကြသူအချင်းချင်း...
ကိုယ့်ကြောင့် သူတပါးအနှောင့်အယှက်မဖြစ်အောင် သတိထားနေဖို့
ကိုယ့်ကို အသိပေးနေတာလို့ပဲ တွေးဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ်… ကျွန်မကတော့ မြို့ပတ်ရထားစီးရတာ ပျော်ပါတယ်။

No comments:

Post a Comment