လူ့ပတ်ဝန်းကျင်မှာ
သောကတွေနဲ့ ပူလောက်နေရသူတွေ အများကြီး….
“ငါ့ကို လူတွေ
ဘယ်လိုမြင်ကုန်ကြပြီလဲ” ဆိုတဲ့ အတွေးတွေနဲ့ သူတို့ရဲ့ စိတ်နှလုံးတွေဟာ ညှိုးချုံးနွမ်းနယ်၊
အညွန့်တုံး နေရတယ်။ ဖန်တီးနိုင်စွမ်းအား တွေ အဖျက်ဆီးခံနေရတယ်။
ကျေးဇူးပြုပြီး
….
အဲဒီလိုလူတွေကို
ဆုံဖြစ်ရင် ပြောပြပေးပါ။
အဲဒါဟာ ပြဿနာအစစ်
မဟုတ်ပါဘူး လို့။
ပြဿနာ မဟုတ်တာ
ပြဿနာလုပ်နေတဲ့ လူမှုရေး စိတ်ဓာတ် အရောင်ဆိုးမှုတွေသာဖြစ်တယ် လို့။
သူများရဲ့ ထင်မြင်ချက်အပေါ်
အလေးထားလွန်းရာက ဖြစ်လာတဲ့ စိတ်ဒုက္ခ ဟာ ဘယ်သူ့အတွက်မှ ကောင်းကျိုး မဖြစ်ထွန်းစေနိုင်ဘူး။
လောကကြီးက ပြဇာတ်တခု မဟုတ်တဲ့အတွက် သင်ဟာ ဇာတ်လိုက်တယောက် မဟုတ်သလို ကျန်တဲ့သူတွေဟာလည်း
ဘာမှ မဟုတ်ကြပါဘူး။
“ဘယ်သူ့မှ ဂရုမစိုက်ဘူး”
ဆိုတဲ့ ပိုကဲတုံ့ပြန်မှုမျိုး လုပ်ဖို့ပြောနေတာ မဟုတ်ပါဘူး။
မိမိရဲ့ စိတ်ကို
သူတပါးတွေရဲ့ ထင်မြင်ချက်တွေက လွှမ်းမိုးကန့်သတ်ထားတာ မခံဖို့ပါ။
မိမိလုပ်တဲ့ အလုပ်ဟာ
(၁) ကိုယ်တိုင်
အသိစိတ်ရှိရှိ ရွေးချယ်မှုနဲ့
(၂) ကိုယ်ပိုင်
လွတ်လပ်ခွင့်နဲ့
(၃) တကယ်ကို
စိတ်ပါလက်ပါ နှစ်နှစ်ခြိုက်ခြိုက် ဆောင်ရွက်တာမျိုးပဲ ဖြစ်သင့်ပါတယ်။
လူ့အဖွဲ့အစည်းမှာ
အတင်းအဖျင်းတွေ များလွန်းပါတယ်။ ကိုယ်နဲ့လည်း ဘာမှမဆိုင်၊ သေသေချာချာလည်း မသိတဲ့ ကိစ္စရပ်တွေမှာ
လူတွေရဲ့ မှတ်ချက်တွေ၊ ကဲ့ရဲ့စကားတွေ၊ ချီးကျူစကားတွေ ပြောတာများလွန်းတယ်။
အဆိုးဆုံးက
အဲဒီ့ ချီးကျူးစကားတွေ ကြားရဖို့၊ ကဲ့ရဲ့မှုတွေရဲ့ ဒဏ်တွေကို ကြံ့ကြံ့မခိုင်နိုင်လို့
လူမြင်ကောင်းအောင် လုပ်ပြနေရတာတွေ များလွန်းတာပါပဲ။
ကိုယ့်အတွက်
ကိုယ် ကိုယ့်စိတ်ကြိုက်ကို လုပ်တာမဟုတ်ပဲ။
သူများအတွက်
သူများအကြိုက် လိုက်လုပ်နေရတာလောက် လူ့တန်ဘိုးကျတာ ဘယ်ရှိလိမ့်မလဲ။
အဲသည်လိုနဲ့…
လူတော်တော်များများဟာ လူ့ကိုယ်ပိုင်သတ်မှတ်ချက် ပျောက်ဆုံးသွားကြတယ်။
ကျေးဇူးပြုပြီး…
ကိုယ်စိတ်ကြိုက်
လွတ်လွတ်လပ်လပ် ရွေးချယ်ပါ။
ဖြစ်သမျှ အကောင်းအဆိုးဒဏ်ကို
တာဝန်ခံရဲတဲ့စိတ်ကို မွေးပါ။
(မင်းခိုက်စိုးစံ၏
ခောတ်သစ်တစ်ခု၏ အစ၊ အဓိပ္ပါယ်များ၏ အဆုံး စာအုပ်မှ)