Thursday, November 28, 2013

ပြန်လည်တွေ့ဆုံပွဲ ဆိုတာ ...

ပြန်လည်တွေ့ဆုံပွဲ ဆိုတာ
ရုပ်ဖျက်ပြီး လာတဲ့သူတွေ ဆုံတဲ့ပွဲပါ။
အသက်တွေကြီးလာတော့ ရုပ်တွေပြောင်းလာကြတယ်။
ဘ၀ပေး အခြေအနေတွေပြောင်းလာကြတယ်။

မပြောင်းလဲတာဆိုလို့
အချင်းချင်း ရင်းရင်းနှီးနှီး သိနေတဲ့ မျက်ဝန်းလေးတွေ၊
လှိုက်လှဲတဲ့ အပြုံးလေးတွေနဲ့
နွေးထွေးတဲ့ ဆက်ဆံရေးပါပဲ။

တစ်နှစ်တစ်ခါမှ တွေ့ဖြစ်ကြတယ်ဆိုပေမယ့်
တစ်နှစ်စာအတွက် စိတ်ခွန်အားတွေ ပေးနိုင်ပါတယ်။

ဒါကြောင့် ပြန်လည်တွေ့ဆုံပွဲတွေကို
သွားဖြစ်အောင် သွားကြဖို့ တိုက်တွန်းပါရစေ။


Wednesday, November 20, 2013

ပေးရင် ရွှင်လန်းတယ်

တကယ့်ကို တခါမှ မကြုံဖူးတာပါ။

ဒီနေ့ လပြည့်နေ့ပေမယ့် အလုပ်ကိစ္စရှိတာနဲ့ ရုံးကိုလာရတော့ စီးနေကျ ကားကို စီးမြဲစီးခဲ့တာပေါ့။

ကားပေါ်ရောက်တာနဲ့ ကားခ အဆင်သင့်ထုတ်ထားပြီး
စပယ်ယာကို လှမ်းကြည့်လိုက်တော့
ကားခ ကုသိုလ် ပါ၊ ယာဉ်စီးခများ ပေးစရာမလို့ပါ တဲ့။
တယ် ဟုတ်ပါလား...
စိတ်ထဲမှာ အံ့သြတာရော ပျော်သွားတာရောပေါ့။

နောက်ထပ် တက်လာသမျှ ခရီးသည်တွေကိုလည်း သူတို့ ဘယ်လိုခံစားရသလဲ လို့ လိုက် ကြည့်မိတယ်။ တချို့လည်း သိပြီးမှ တက်လာတဲ့သူ ရှိသလို ကားပေါ်ရောက်မှ သိတဲ့သူတွေလည်းရှိပါတယ်။
အံ့သြတာရော ပျော်တာရော သူတို့တွေဆီမှာလည်း တွေ့ရပါတယ်။

ဒီနေ့တော့ ကားပေါ်မှာ ဒရိုင်ဘာကလည်း တပြုံးပြုံး..
ခါတိုင်းလို ကားလမ်းလုမောင်းဖို့ စိတ်ကူးတောင်ရှိပုံမရ။
စပယ်ယာတွေကလည်း ရယ်ရယ်မောမော
ခရီးသည်တွေကို မအော် မငေါက်ဘူး။

ကားခ ပေးလိုက်ရတော့လည်း ဘာမှတော့ မဖြစ်ဘူးပေါ့။
ဒါပေမယ့် ဒီလို နေ့ထူးနေ့မြတ်တွေမှာ အဲလိုလေး လုပ်ပေးတာ ဘယ်လောက်တောင်ကောင်းတဲ့ စိတ်ကူးလေးလဲ၊ ပေးတယ်ဆိုတာ တကယ်ရွှင်လန်းစရာပါလားနော်။










၁၇-၁၁-၂၀၁၃ (တန်ဆောင်မုန်းလပြည့်နေ့ အမှတ်တရ )