Wednesday, September 19, 2012

လူမှုဆက်ဆံရေးပုံစံ












လူမှုဆက်ဆံရေးပုံစံမှာ
-       ပတ်ဝန်းကျင်ကို ဂရုစိုက်ရမယ်..  ၊ ပြီးတော့
-       ပတ်ဝန်းကျင်ကို ဂရုမစိုက်ရဘူး။
ပတ်ဝန်းကျင်ကို ဂရုစိုက်ရမယ်.. ဆိုတာက
လူကိုလူလို မြင်တတ်၊ ဆက်ဆံတတ်ရမယ်။
လူ လူချင်းဆိုတဲ့အသိနဲ့ ချစ်ခင်ရင်းနှီးရမယ်။
အပြန်အလှန် လေးစားရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
ပတ်ဝန်းကျင်ကို ဂရုမစိုက်ရဘူး.. ဆိုတာကတော့
ပတ်ဝန်းကျင်က လူတွေ ဘာပဲပြောပြော..
ကိုယ့်ယုံကြည်ချက်အပေါ်မှာ ကိုယ်ခိုင်ခိုင်မြဲမြဲ ရပ်တည်ပြီး လုပ်စရာရှိတာကို စစ်စစ်မှန်မှန် လုပ်သွားဖို့ပါ။
ကိုယ်ယုံကြည်ရာကို စစ်စစ်မှန်မှန် လုပ်မယ်။ သူများတွေ ကြိုက်ကြိုက် မကြိုက်ကြိုက် ငါ့အလုပ်ကို အပျက်မခံဘူး.. ဆိုတဲ့ စိတ်ဓာတ်နဲ့ ရပ်တည်တာကို ဆိုလိုတာ ဖြစ်ပါတယ်။
 (မင်းခိုက်စိုးစံ၏ ခောတ်သစ်တစ်ခု၏ အစ၊ အဓိပ္ပါယ်များ၏ အဆုံး စာအုပ်မှ)

Monday, September 17, 2012

Looking Glass Self


 
Sullivan ရဲ့ Sociology စာအုပ်မှ “Looking Glass Self” ဆိုတဲ့ သဘောတရားလေး တခု ပြောပြချင်ပါတယ်။
“တခြားသူတွေက ကိုယ့်အပေါ် ဘယ်လိုမြင်သလဲ ဆိုတာကို အာရုံစိုက်လွန်းပြီး ကိုယ့်ကိုယ်ကို ပုံဖော်ခြင်းကို ခေါ်တာပါပဲ။”

 
ကလေးတစ်ယောက်ကို ကျွန်တော်တွေ့ဖူးပါတယ်။ လူကြီးတွေက အဲဒီကလေးကို “သိပ်ရိုသေတတ်တာပဲ” ခဏခဏပြောတယ်။ ကလေးကလည်း အဲဒါကို အမြဲကြားနေရတာ။ ကြာတော့ အဲဒီမှတ်ချက်ကို အာရုံစိုက်လွန်းသွားတယ်။ အဲဒီမှ သူ့ကိုသူ ရိုသေတတ်လွန်းသူကလေး မဖြစ်ဖြစ်အောင် အတင်းပုံဖော် လုပ်ယူတော့တာပါပဲ။ ဟုတ်တယ်လေ.. “ဒီကောင် လူကြီးကို မရိုသေတတ်ဘူး” လို့ အပြောခံရမှာ ကြောက်နေပြီိကိုး..။ အဲဒါနဲ့ပဲ လူတွေ့တိုင်း အတင်းကြီးကို ရိုသေပြနေတော့တာပဲ။
“ဟုတ်ကဲ့ပါ ခင်ဗျ”
“ကျွန်တော် နားထောင်နေပါတယ် ခင်ဗျ”
“ကျွန်တော့်ကို ဆုံးမပေးပါခင်ဗျ” နဲ့ လက်ကလေးပိုက်၊ ခါးကလေးကုန်းပြီး လူတွေ့တိုင်းကို ပြောနေတော့တာ။
ကြာတော့ အမြင်ကတ်ဖို့ ကောင်းလာတယ်။
ဒါ သူ အစစ် မဟုတ်တော့ဘူးလေ။ တခြားသူတွေရဲ့ ထင်မြင်မှုကို ရယူဖို့၊ တခြားသူတွေက သူ့အပေါ် စိတ်ကျေနပ်ဖို့ အတွက် လိုက်လုပ်ယူနေတဲ့ အပြုအမူတွေပဲ။
လူကြီးကို ရိုသေတာက ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် ဆုံးဖြတ်လုပ်ကိုင်တဲ့ အပြုအမူအစစ် မဟုတ်ပဲ တခြားသူတွေရဲ့ အမြင်ကို မှီခိုပြီး အတု လုပ်ပြ နေတာကတော့ သနားစရာကောင်းလွန်းပါတယ်။
အဲဒီလို ကိုယ့်ကို အကောင်းပြောတာခံချင်တဲ့ ရောဂါကလည်း အန္တရာယ် မသေးပါဘူး။
သူများ ချီးကျူးတာ ခံချင်လို့လုပ်တာ..။ လူမြင်ကောင်းပါစေတော့ ဆိုပြီး မျှောလိုက်နေတာတွေကတော့ အတု တွေပဲ။
ကိုယ်ဘာကို တကယ်ယုံကြည်သလဲ။
ကိုယ်ဘာကို တကယ်လုပ်ချင်သလဲ။
အရင်ဆုံး ကိုယ့်ကိုယ်ကို သိမြင်နားလည်လာအောင် လုပ်ပါ။
ကိုယ့်လမ်းစဉ်ကို ကိုယ့်အတွေးအခေါ်အပေါ် ကိုယ်ခြေစုံပြီး ဆုံးဖြတ်ပါ။
(မင်းခိုက်စိုးစံ၏ ခောတ်သစ်တစ်ခု၏ အစ၊ အဓိပ္ပါယ်များ၏ အဆုံး စာအုပ်မှ)

Sunday, September 16, 2012

ငါ့ကို လူတွေ ဘယ်လိုမြင်ကုန်ကြပြီလဲ???


လူ့ပတ်ဝန်းကျင်မှာ သောကတွေနဲ့ ပူလောက်နေရသူတွေ အများကြီး….
“ငါ့ကို လူတွေ ဘယ်လိုမြင်ကုန်ကြပြီလဲ” ဆိုတဲ့ အတွေးတွေနဲ့ သူတို့ရဲ့ စိတ်နှလုံးတွေဟာ ညှိုးချုံးနွမ်းနယ်၊ အညွန့်တုံး နေရတယ်။ ဖန်တီးနိုင်စွမ်းအား တွေ အဖျက်ဆီးခံနေရတယ်။
ကျေးဇူးပြုပြီး ….
အဲဒီလိုလူတွေကို ဆုံဖြစ်ရင် ပြောပြပေးပါ။
အဲဒါဟာ ပြဿနာအစစ် မဟုတ်ပါဘူး လို့။
ပြဿနာ မဟုတ်တာ ပြဿနာလုပ်နေတဲ့ လူမှုရေး စိတ်ဓာတ် အရောင်ဆိုးမှုတွေသာဖြစ်တယ် လို့။
သူများရဲ့ ထင်မြင်ချက်အပေါ် အလေးထားလွန်းရာက ဖြစ်လာတဲ့ စိတ်ဒုက္ခ ဟာ ဘယ်သူ့အတွက်မှ ကောင်းကျိုး မဖြစ်ထွန်းစေနိုင်ဘူး။ လောကကြီးက ပြဇာတ်တခု မဟုတ်တဲ့အတွက် သင်ဟာ ဇာတ်လိုက်တယောက် မဟုတ်သလို ကျန်တဲ့သူတွေဟာလည်း ဘာမှ မဟုတ်ကြပါဘူး။
“ဘယ်သူ့မှ ဂရုမစိုက်ဘူး” ဆိုတဲ့ ပိုကဲတုံ့ပြန်မှုမျိုး လုပ်ဖို့ပြောနေတာ မဟုတ်ပါဘူး။
မိမိရဲ့ စိတ်ကို သူတပါးတွေရဲ့ ထင်မြင်ချက်တွေက လွှမ်းမိုးကန့်သတ်ထားတာ မခံဖို့ပါ။
မိမိလုပ်တဲ့ အလုပ်ဟာ
        (၁) ကိုယ်တိုင် အသိစိတ်ရှိရှိ ရွေးချယ်မှုနဲ့
        (၂) ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့
        (၃) တကယ်ကို စိတ်ပါလက်ပါ နှစ်နှစ်ခြိုက်ခြိုက် ဆောင်ရွက်တာမျိုးပဲ ဖြစ်သင့်ပါတယ်။
လူ့အဖွဲ့အစည်းမှာ အတင်းအဖျင်းတွေ များလွန်းပါတယ်။ ကိုယ်နဲ့လည်း ဘာမှမဆိုင်၊ သေသေချာချာလည်း မသိတဲ့ ကိစ္စရပ်တွေမှာ လူတွေရဲ့ မှတ်ချက်တွေ၊ ကဲ့ရဲ့စကားတွေ၊ ချီးကျူစကားတွေ ပြောတာများလွန်းတယ်။
အဆိုးဆုံးက အဲဒီ့ ချီးကျူးစကားတွေ ကြားရဖို့၊ ကဲ့ရဲ့မှုတွေရဲ့ ဒဏ်တွေကို ကြံ့ကြံ့မခိုင်နိုင်လို့ လူမြင်ကောင်းအောင် လုပ်ပြနေရတာတွေ များလွန်းတာပါပဲ။
ကိုယ့်အတွက် ကိုယ် ကိုယ့်စိတ်ကြိုက်ကို လုပ်တာမဟုတ်ပဲ။
သူများအတွက် သူများအကြိုက် လိုက်လုပ်နေရတာလောက် လူ့တန်ဘိုးကျတာ ဘယ်ရှိလိမ့်မလဲ။
အဲသည်လိုနဲ့… လူတော်တော်များများဟာ လူ့ကိုယ်ပိုင်သတ်မှတ်ချက် ပျောက်ဆုံးသွားကြတယ်။
ကျေးဇူးပြုပြီး…
ကိုယ်စိတ်ကြိုက် လွတ်လွတ်လပ်လပ် ရွေးချယ်ပါ။
ဖြစ်သမျှ အကောင်းအဆိုးဒဏ်ကို တာဝန်ခံရဲတဲ့စိတ်ကို မွေးပါ။
(မင်းခိုက်စိုးစံ၏ ခောတ်သစ်တစ်ခု၏ အစ၊ အဓိပ္ပါယ်များ၏ အဆုံး စာအုပ်မှ)